Skip to main content

ပျော်ရွှင်ဖွယ်နှစ်သစ် ဖြစ်ပါစေ..

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော

Myanmar Motion Picture Organization, MMPO

ရသည်ဖြစ်စေ.. မရသည်ဖြစ်စေ..

MMPO

“ဒီနှစ်တော့သေချာပါတယ်ခင်ဗျာ.. ခင်ဗျားရမှာပါ”

မောင်ကျောက်ခဲပြုံးနေမိ၏။

“ဒီလောက်ကြိုးစားပမ်းစားလုပ်ထားတာ အကယ်ဒမီကတော့ပြေးမလွတ်ပါဘူး ကိုကျောက်ခဲရာ၊ ခင်ဗျားရမှာသေချာပါတယ်”

မောင်ကျောက်ခဲ ပီတိဖြာနေသည်။

လေသံတွေနဲ့ထင်မြင်ချက်တွေသာပြောင်းသွားသည်၊ ဒီနှစ်အကယ်ဒမီဆုကိုတော့ တွေ့သူတိုင်းက မောင်ကျောက်ခဲကို ဖောဖောသီသီပေးနေကြပါ၏။ ယုတ်စွအဆုံး ဆွာမြို့နယ် ငါးကြီးကွေ့ကျေးရွာ စာပေဟောပြောပွဲလေးမှာပင် ပရိသတ်အချို့က အကယ်ဒမီကို စိတ်ဝင်စားကြ၏။ စာရေးဆရာယောင်ယောင်၊ ဒါရိုက်တာယောင်ယောင် မောင်ကျောက်ခဲကိုလည်း အကယ်ဒမီဆုတွေ ပိနေအောင် ပေးလွှတ်လိုက်ကြသည်။ “အင်း.ရရင်အကောင်းသား..”

ပြောနေကြအတိုင်းပြောရလျှင် အကယ်ဒမီဆုဆိုသည်က အလွန်နက်ကြီးသည်၊ ရွှေမန်းတင်မောင်အဟဲလေးဖြင့် ဟဲရမှာက “မိုးနဲ့သရက်လို အိုးနဲ့ကြွက်လို့ ပုံပမာ နှိုင်းယှဉ်ပြရမှာဖြင့် မဲသောလည်းမရွာဘဲ ရွာသော်လည်းမမဲဘဲ သဲတဲ့မိုးလိုပါ” ဟူ၍ဆိုရပေမည်။ ဆုရမည်ထင်သော်လည်း ရချင်မှရတက်သည်။ မရဘူးထင်သော်လည်း ရချင်ရတက်လေသည်။

ရုပ်ရှင်သက်က အတော်ကလေးရင့်လာပြီမို့ မောင်ကျောက်ခဲ တက်ခဲ့ဘူးသော အကယ်ဒမီပွဲပေါင်းမနည်းတော့။ ကိုယ်ဆုယူရသောနှစ်လည်း ကြုံခဲ့ရဘူး၏၊ ကိုယ်ဆုမရသော်လည်း ကိုယ့်ဇာတ်ကားထဲမှ သရုပ်ဆောင်များ၊ ဓာတ်ပုံဆရာများ၊ ဆုရသောနှစ်တွေကြုံခဲ့ဘူး၏၊ ဒါရိုက်တာ၏ကျေးဇူးကိုပင် ထုတ်ဖော်မပြောတက်သော တချို့ရုပ်ရှင်ကားမှ သရုပ်ဆောင်တွေ ဆုတက်ယူသော နှစ်တွေကိုလည်းတွေ့ဖူး၏။သူများတကာတွေဆုရလျှင် အကယ်ဒမီပွဲမတက်ဘဲ ကိုယ်ရသောနှစ်ကျမှ အကယ်ဒမီပွဲသို့ တက်လာတတ်သော အတ္တသမားများ ဆုယူသည်ကိုလည်း လက်ခုပ်တီးပေးဘူးပါ၏။

ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ရုပ်ရှင်လောကသားတို့ တစ်နှစ်တစ်ခါ ပျော်ပျော်ပါးပါးစုဝေးရာ နေရာလေးသည်ကား အကယ်ဒမီဆုပေးပွဲနေရာလေးသာဖြစ်ပါသည်။ သည်နေရာလေးကိုတော့ မောင်ကျောက်ခဲတစ်ယောက် ခုံခုံမင်မင် ရောက်ရှိနေဦးမည်က အမှန်။ ကိုယ်ရလျှင် ပျော်ပျော်ပါးပါး အခြားသူဆုရလျှင်လည်း ပျော်ပျော်ပါးပါးပါဘဲ။

ဒီနှစ်ဆုရမှာသေချာသည်ဟု အများကပြောနေလင့်ကစား ယခုအချိန်ထိ အရိပ်အယောင် နမိတ်ပုံစံတစ်ခုမှမပြသေး။ “ဆက်ဆက်တက်နော်” “တက်ဖြစ်အောင်တက်နော်”စသည်ဖြင့်မမှာကြားသေး၊ ဖိတ်စာမှာလည်း အများတကာနှယ် ဘာမှထူးထူးခြားခြားမရှိ။ နှစ်တိုင်းနှစ်တိုင်း မျှော်လင့်ချက်ရှိရှိမရှိရှိ ရရမရရ အကယ်ဒမီပွဲသို့ မှန်မှန်တက်ရောက်လာလေ့ရှိသော မောင်ကျောက်ခဲကိုလည်း အကယ်ဒမီကျင်းပရေးအဖွဲ့က “ဒီငနဲကြီးက မှာစရာတောင်မလိုဘူး အစောကြီးရောက်လာနေကြမို့ ကိစ္စမရှိ”ဟု သတ်မှတ်ထားကြသလားမသိ။ ဟင်း ဟင်း ဟင်း၊ အက်တင်တွေခံပြီး မသွားဘဲနေလိုက်ရ။

မသွားဘဲနေလိုက်လို့မပေးဘဲ ထားလိုက်လျှင် မည်သို့ရှိမည်နည်း၊ အော် တယ်ရှုပ်တဲ့ဇာတ်ပါလားနော်၊ သည်တော့ အကယ်ဒမီဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ထုံးစံအတိုင်း မောင်ကျောက်ခဲတစ်ယောက် ရုပ်ရှင်လောကသားတို့ ဆုံစည်းရာပွဲသို့ ပျော်ပျော်ပါးပါးကြီး သွားရပါဦးမည်။ အတ္တသမားတွေ မလာကြသောကြောင့်၊ သည်ပွဲကြီးခြောက်သွေ့သွားမှာကိုတော့ မဖြစ်စေချင်။ သည်ပွဲကြီးထဲက ပျော်စရာတွေကို ရှာကြည့်ရဦးမည်။ သည်ပွဲကြီးထဲက သံဝေဂရစရာတွေကို ရှာကြည့်ရဦးမည်။ သည်ပွဲကြီးထဲက ဝမ်းသာမျက်ရည် ဝမ်းနည်းမျက်ရည် ဟန်ဆောင်အပြုံးတွေ လောဘအပြုံးတွေ မောဟအပြုံးတွေ ပွင့်ပွင့်လင်းလင်းစကားသံတွေ မလိုတမာစကားသံတွေ ဟန်ဆောင်စကားသံတွေ ချီးကျူးသောလက်ခုပ်သံတွေ ကန်ကျောက်သော လက်ခုပ်သံတွေ နားထောင်ရ မြင်တွေ့ရဦးမည်။ ဘယ်လိုပင်ဖြစ်ဖြစ် ဘာတွေပဲဖြစ်ဖြစ် မောင်ကျောက်ခဲကတော့ သည်ပွဲကြီးထဲမှာ နစ်မြုပ်ပျော်ရွှင်နေဦးမည် အမှန်ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ ယနေ့ညအကယ်ဒမီဆုပေးပွဲတွင် မောင်ကျောက်ခဲအတွက် အဖြေတစ်ခုခုထွက်လာတော့မည်ဖြစ်သည်။ လူ့သဘာဝအတိုင်း ရလျှင်ပျော်ရပါမည်။ မရလျှင် ဝမ်းနည်းရပါမည်။ လူပေကိုး။

ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျန်းမာရေးကောင်းနေသ၍ အကယ်ဒမီပွဲများကို နှစ်စဉ်တက်ရပါဦးမည်။ ကိုယ်ရလျှင် လက်ခုပ်အတီးခံရပြီး သူများရလျှင် ဝမ်းပန်းတသာ လက်ခုပ်တီးပေးရပါဦးမည်။

မြန်မာ့ရုပ်ရှင်လောကကြီးရှင်သန်နေသရွှေ့  အရုပ်ကောင်းကောင်းအသံကောင်းကောင်း ရည်ရွယ်ချက်ကောင်းကောင်းဖြင့် နိုင်ငံတကာသို့တိုင် ထိုးဖောက်နိုင်သော ရုပ်ရှင်ဇာတ်ကားမျိုးများကို ရိုက်ကူးနိုင်ဖို့ ကြိုးစားရပါဦးမည်။

Author
ကြည်စိုးထွန်